တာမွေ ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးအောင်က တာမွေမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးသည့်နေ့များနှင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲလာရောက်ပေးနိုင်စေရေးအတွက် မဲရုံအခင်းအကျင်းအား စနစ်တကျပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသော်ကအောင်မှ မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
အစည်းအဝေးသို့ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ထက်တံခွန် (ပြန်/ဆက်)