ကျောက်ပန်းတောင်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးပြီး၍ မဲရုံပိတ်သိမ်းပြီး ပြန်လည်ရောက်ရှိလာသည့် ပညာရေးဝန်ထမ်းများနှင့်ဌာနဆိုင်ရာများအား တာဝန်ရှိသူများကြိုဆို

ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၂

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်(၆)နာရီမှ စတင်၍ ညနေ(၄)နာရီအထိ၊ မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာ မဲရုံအသီးသီးတွင် လွတ်လပ် အေးချမ်းစွာ ဆန္ဒမဲပေးခဲ့ကြပြီးဖြစ်၍ စစ်ကြောင်းအလိုက် ပြန်လည်ဝင်ရောက်လာသည့် မဲရုံတာဝန်ထမ်းဆောင်ခဲ့ကြသည့် ပညာရေးဝန်ထမ်းများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား၊ စုရပ်ဖြစ်သည့် မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောက်ပန်တောင်း တပ်နယ်မှူး ဗိုလ်မှူးချုပ်ဟိန်းဆက်၊ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် တာဝန်ရှိသူများက  ကြိုဆိုခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့ပေါ် ၁၂ ရပ်ကွက်၌ မဲရုံ ၂၈ ရုံနှင့် ကျေးရွာအုပ်စုအသီးသီးရှိ ကျေးရွာများတွင် မဲရုံ ၁၇၂ ရုံ၊ စုစုပေါင်း မဲရုံ ၂၀၀ ဖွင့်လှစ်ထားရှိပြီး မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်စေရေးအတွက်၊ ကျောက်ပန်းတောင်း တပ်နယ်မှူး ဦးဆောင်သည့် ခရိုင်နှင့် မြို့နယ်အုပ်ချုပ်/ထောက်ပံ့အဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများက လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြပြီး၊ မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီး မဲဆန္ဒရှင်ပြည်သူ ၁ သိန်း ၄‌ သောင်းကျော်တို့က မိမိတို့ ကြိုက်နှစ်သက်ရာ ပါတီကိုယ်စားလှယ်လောင်းများကို မဲရုံ ဖွင့်လှစ်သည့် နံနက် ၆ နာရီမှ စတင်၍ မဲရုံပိတ်သိမ်းသည့် ညနေ  ၄ နာရီအထိ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရပြီး၊ မဲရုံပိတ်သိမ်းပြီးနောက် သက်ဆိုင်ရာ တာဝန်ကျ မဲရုံမှူး၊ ဒုတိယမဲရုံမှူး ဆရာ/ဆရာမများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက မဲလက်မှတ်များနှင့် MEVM မဲပေးစက်များ၊ မဲရုံသုံးပစ္စည်းများကို စနစ်တကျ သိမ်းဆည်းပြီး၊ စုရပ်ဖြစ်သည့် မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်းသို့ ပို့ဆောင်ကာ တာဝန်ရှိသူများထံ စနစ်တကျ အပ်နှံခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)