ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ချမ်းအေးသာစံ ဇန်နဝါရီ  ၁၄

ကျောင်းသားလူငယ်များအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်သာမက အသိပညာဗဟုသုတများ တိုးတက်မြင့်မားစေရန် ရည်ရွယ်ကာ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Center (လူထုအခြေပြုဗဟိုဌာန)၌ ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ကျောင်းသား၊ကျောင်းသူများနှင့် ရင်းနှီးစွာမိတ်ဆက်ခဲ့ကြသည်။ ထို့နောက် ကလေးငယ်များ၏ ဘဝတက်လမ်းများကို ထိခိုက်စေနိုင်သည့် ကလေးအလုပ်သမား သိကောင်းစရာ အကြောင်းအရာများအားလည်းကောင်း၊ အဆိုပါ ကလေးငယ်များ၏ ဘဝကိုဖျက်စီးစေသည့် ကလေးအလုပ် သမားခိုင်းစေမှူများကို ပပျောက်စေရေး အကြောင်းအရာများစွာကို ပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသော အကြောင်းအရာများအား ဆွေးနွေးမေးမြန်းခဲ့ရာ ဦးစီးအရာရှိမှ သိလိုသော အကြောင်းအရာများအား ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာ ဟောပြောပွဲများ၊ စွမ်းရည်မြှင့်ပြိုင်ပွဲများ၊ စာအုပ်စာစောင် ခင်းကျင်းပြသခြင်း စသည့် ကဏ္ဍပေါင်းစုံဖြင့် ကြိုးပမ်း​ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းမြေ့မောင်(ပြန်/ဆက်)