ပုဂံ ဇန်နဝါရီ ၁၄
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲရုံးရှိ အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူး ဦးညီမွန်း ဦးဆောင်သော အရာထမ်း/ အမှုထမ်းများနှင့် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီဝင်များသည် ပုဂံယဉ် ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်းအဆောက်အအုံများအား ထုံးသင်္ကန်း ကပ်လှူခွင့် လျှောက်ထားလာခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ စည်းကမ်းသတ်မှတ်ချက်များ ချမှတ်နိုင်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ပုဂံဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဦးညီမွန်းက ရှေးဟောင်းအဆောက်အအုံများကို ထုံးသင်္ကန်းကပ်လှူပူဇော်ခွင့်များ ကြိုတင်ခွင့်ပြုချက်လျှောက် ထားလာခြင်းများအတွက် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေ၊ ရှေးဟောင်းအဆောက်အအုံများကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေ၊ ပုဂံဒေသဘက်စုံ လွှမ်းခြုံသော စီမံခန့်ခွဲရေးမူဘောင် (IMF)တို့နှင့် ကိုက်ညီသော စည်းကမ်းသတ်မှတ်ချက်များ ချမှတ်နိုင်ရန်အတွက် အကြိုအစည်းအဝေး ပြုလုပ်ခြင်းဖြစ်၍ ဝိုင်းဝန်းဆွေးနွေး ပေးနိုင်ပါကြောင်း ပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီဝင် ဦးစိုးစိုးလင်းက Power Point ဖြင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ ရှေးဟောင်းအဆောက်အအုံများအား ထုံးသင်္ကန်း ကပ်လှူခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် Impact များနှင့် မဖြစ်မနေ ခွင့်ပြုရမည်ဆိုပါကလည်း လိုက်နာရမည့် လုပ်ထုံးလုပ်နည်း၊စည်းမျဉ်းစည်းကမ်းများအား လည်းကောင်း၊ ကော်မတီဝင်ဒေါက်တာဦးမျိုးညွန့်အောင်က Power Point ဖြင့် ယခင်က ထုံးသင်္ကန်းကပ်လှူခဲ့သော အတွေ့အကြုံများအားလည်းကောင်း၊ ကော်မတီဝင်များနှင့် ဌာနခွဲအရာထမ်းတို့က အသီးသီးဆွေးနွေးခဲ့ကြပြီး ထုံးသုတ်ခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့် သတ်မှတ်ချက်များ၏ အခြေခံအချက်အလက်များကို ပြုစုနိုင်ခဲ့ပြီး သတ်မှတ်ချက် (မူကြမ်း) ထွက်ပေါ်လာနိုင်ရေး ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း