ကျောက်ဆည် ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆင်မင်းဘိပ်မြေစက်ရုံ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား ၂ ဦး၏ ကျန်ရစ်သူမိသားစုအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်းရစ်သူမိသားစု အကျိုးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်ကြည်ကြည်ထွန်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အာမခံအလုပ်သမားတစ်ဦး၏ မကျန်းမာမှု အတွက် ဆေးကုသမှုခံယူခွင့်၊ ငွေကြေးအကျိုးခံစားခွင့်၊ ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ဆေးကုသမှု၊ ငွေကြေးခံစားခွင့်နှင့် မီးဖွားစရိတ်ခံစားခွင့်၊ အလုပ်တွင်ထိခိုက်ဒဏ်ရာရလျှင် ဆေးကုသ ခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်၊ အလုပ်တွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု ငွေကြေးအကျိုး ခံစားခွင့်၊ ကျန်ရစ်သူမိသားစု အကျိုးခံစားခွင့် စသည့်အကြောင်း အရာများကို ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိက ဆင်မင်း ဘိလပ်မြေစက်ရုံမှ အာမခံအလုပ်သမား ဦးအောင်ကိုကို၏ ကျန်ရစ်သူ ငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေ ၉,၂၄၀,၀၀၀ ကျပ်အား ဇနီးဖြစ်သူ ဒေါ်သင်းသင်းအေးအားလည်းကောင်း၊ MC.Jalux Airport Service CO;Ltd မှ အာမခံအလုပ်သမား ဦးသီဟမျိုးငြိမ်း၏ ကျန်ရစ်သူ ငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ် ၁၅,၀၀၀,၀၀၀ ကျပ်အား ဇနီးဖြစ်သူ ဒေါ်ကေသီနွယ်တို့အား ပေးအပ်ခဲ့ကြောင်း သိရှိရပြီး ဆင်မင်းဘိလပ်မြေစက်ရုံမှူး ဦးခင်မောင်ဆွေနှင့် MC.Jalux Airport Service CO;Ltd မှ ဌာနမှူး ဒေါ်ကေသွယ်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)