ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မှန်စီကျေးရွာနှင့် အနီး ပတ်ဝန်းကျင်ကျေးရွာများ၊ IDP စခန်းများမှ ပြည်သူများ၊ ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံ

စစ်တွေ   ဇန်နဝါရီ    ၁၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့ဝင်များ ဇန်နဝါရီ ၁၅ ရက်က စစ်တွေမြို့နယ်၊ မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံးမှန်စီကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုကို ကြည့်ရှုအားပေးပြီး ဘာသာရေး‌ခေါင်းဆောင်များနှင့် တွေ့ဆုံသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့နယ် မှန်စီကျေးရွာရှိ စီမံခန့်ခွဲမှုအဖွဲ့ရုံးသို့သွားရောက်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေးစကားပြောကြားကာ တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် စီမံခန့်ခွဲမှုအဖွဲ့ရုံးပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်ဆရာဝန်၊ သူနာပြုများက မှန်စီကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ IDP စခန်းများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ရောက်ရှိလာကြသော ပြည်သူများအား တွေ့ဆုံ နှုတ်ဆက်အားပေးစကားပြောကြားကာ လိုအပ်သည်ကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့်တွေ့ဆုံ၍ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များသည် မိမိတို့ဒေသ၊ ကျေးရွာများ၌ အများကြည်ညိုလေးစားရသူများဖြစ်၍ ရပ်ရွာအတွင်းနေထိုင်ကြသူများ၏ ကောင်းရာကောင်းကျိုးကိစ္စအဝဝကို ဆုံးမသွန်သင်ပေးရကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် ရပ်ရွာများ၊ IDP စခန်းများတွင် သန့်ရှင်းသာယာရေး စည်းရုံးဆောင်ရွက်ပေးကြစေလိုကြောင်း၊ အလားတူ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံရေးကိစ္စများကို ဘာသာရေးကျောင်းများတွင် တွေ့ဆုံကြစဉ် ဆွေးနွေးဟောပြောပေးကြစေလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်အတွက် စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် ဘာသာရေးခေါင်းဆောင်များအနေဖြင့် မိမိတို့ ရပ်ရွာ၊ စခန်းများတွင် လိုအပ်သည်များရှိပါက ဆွေးနွေးတင်ပြပေးကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ဈေးများသန့်ရှင်းသာယာရေး၊ မီးဘေးလုံခြုံရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး စသည့်ကိစ္စများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားကြသည်။ ယင်းနောက် ဘာသာရေးခေါင်းဆောင်များက လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ ဆေးသမားကြီး IDP စခန်းတွင် သစ်တိုင်၊ ထရံကာ၊ သွပ်မိုးဖြင့် အလျား (၄၅) ပေ၊ အနံ ပေ (၃၀) အဆောက်အဦ (၁၈)လုံး ဆောက်လုပ်ခြင်း၊ ရေတုံကင်(၁၈) လုံးတတ်ဆင်ပေးခြင်း လုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးကြရာ စစ်တွေတပ်နယ်မှ ဆောက်လုပ်ရေးတာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကိုရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အဆောက်အအုံများ ဆောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အလားတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စစ်တွေတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များက မိမိတို့ သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပို့ချပေးလျက်ရှိရာ စစ်တွေမြို့နယ်၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း (သက္ကေပြင်)၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများလည်း တက်ရောက်သင်ယူလျက်ရှိကြောင်းသတင်းရှိသည်။

တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး