စဉ့်ကိုင်မြို့နယ် မုန့်ပေါင်းကျေးရွာ၌ အသိပညာပေးဟောပြောပွဲကျင်းပ

စဉ့်ကိုင် ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မုန့်ပေါင်းကျေးရွာရှိ ရွှေသရဖီခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးရှောင်ရန်၊ ဆောင်ရန်များနှင့် ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းဟောပြောခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးသီဟကျော်က မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ ရှောင်ရန်/ဆောင်ရန်များနှင့် လိုက်နာရန်အချက်များကို ရှင်းလင်းဟောပြောသည်။

ထို့နောက် တက်ရောက်လာကြသူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကာ အသိပညာပေး နံရံကပ်စာစောင်များလည်းပြသခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)