မန္တလေး ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မန္တလာတက္ကသိုလ်အမရခန်းမ၌ ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီခွဲက လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ လူငယ်ငြိမ်းချမ်းရေး စေတနာ့ဝန်ထမ်း သင်တန်း ဖွင့်လှစ်သည်။
သင်တန်းတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံ့တကာလေ့လာရေးအဖွဲ့ (MISIS) အမှုဆောင် အဖွဲ့ဝင် ဒေါ်လဲ့လဲ့သိန်းက ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် လူငယ်များပူပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ လူငယ်စွမ်းရည်များ၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အရည်အချင်းများ၊ အတွေးအခေါ်များ မြှင့်မားလာစေရန် သင်တန်းတွင်စာတွေ့၊ လက်တွေ့ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မန္တလာတက္ကသိုလ်ပါမောက္ခချုပ်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကာလမှာ ဇန်နဝါရီ ၁၉ ရက်မှ ဇန်နဝါရီ ၂၀ ရက်အထိ ပို့ချသွားမည်ဖြစ်သည်။ ယင်းနောက် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အမှတ်တရ တီရှပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)