မတ္တရာမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မတ္တရာ ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ အ.ထ.က(မတ္တရာ)တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး‌မောင်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးချစ်ကိုမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်လွင်မှ မူးယစ်ဆေးဝါးများ၏အန္တရာယ်များ၊ မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ ရောဂါလက္ခဏာများနှင့် ဆိုးကျိုးများအကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် အ.ထ.က(မတ္တရာ) ကျောင်းအုပ်ဆရာကြီး ဦးသိန်းတန်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေရာသား