ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်၊ နယ်မြေ(၂) တွင်၊ ဇန်နဝါရီ ၁၈ ရက် ည ၁၀ နာရီ ၅၀ မိနစ်က၊ ကြက်ခြံတစ်ခြံမှ ကြက်သားပေါက်များအား မီးသွေးမီးဖိုဖြင့် အပူငွေ့ပေးရာမှ အနီးရှိ ဝါးထရံအား မီးကူးစက်လောင်ကျွမ်းကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စံပြရပ်ကွက် နယ်မြေ(၂)ရှိ ၃၀ ပေ× ၂၀ ပေ သွပ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်း ကြက်ခြံတွင် ကြက်သားပေါက်များအား မီးသွေးမီးဖိုဖြင့် အပူငွေ့ပေးရာမှတဆင့် အနီးရှိ ဝါးထရံအား မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရပြီး၊ အဆိုပါ မီးလောင်မှုအား သတင်းရလျှင် ရချင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းမြင့် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၁၉ ဦး၊ အရန်တပ်ဖွဲ့ဝင် ၃ ဦးတို့မှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီးဖြင့် ည ၁၀ နာရီ ၅၃ မိနစ်အချိန်တွင် သွားရောက်ငြှိမ်းသတ်ခဲ့ရာ၊ ည ၁၁ နာရီ ၀၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ ည ၁၁ နာရီ ၁၅ မိနစ်တွင် မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ၃၀ ပေ× ၂၀ ပေ သွပ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်း ကြက်ခြံတစ်ခြံ ဆုံးရှုံးမှု ခန့်မှန်းတန်ဘိုး ၄ သိန်းကျပ်ခန့်နှင့် ကြက်သားပေါက် ၂၅ ကောင်ခန့် ဆုံးရှုံးမှု ခန့်မှန်းတန်ဘိုး ၅ သောင်းကျပ် စုစုပေါင်း ၄၅၀၀၀၀ ကျပ်ဖြစ်ကြောင်း သိရပြီး၊ မီးပေါ့ဆစွာ သုံးစွဲခဲ့သူအား ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ ပအမှတ် (၆/၂၀၂၆) ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေအောင်