တံတားဦး ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ၌ (၂၉)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ မြတစ်သိန်းတန် အမေကြီးသန့် ဓမ္မာရုံတွင်ကျင်းပသည်။
မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲတွင် ပင့်လျှောက်၍ ကြွရောက်တော်မူလာသည့် ဆရာတော်၊ သံဃာတော်များမှ ကျေးရွာအတွင်းလှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော် ချီးမြှင့်ပေးကြသည်။ ဆက်လက်၍ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကိုကျင်းပရာ ဆရာတော်၊ သံဃာတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းမှ အခမ်းအနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ်ပေးပြီး၊ နတ်ဗြဟ္မာအပေါင်းအား သူငယ်တော် တောရဆရာတော်ဘဒ္ဒန္တမောဓိက ပင့်ဖိတ်ပြီး၊ ဘုရားပင့်ဂါထာတော်ကို ကူတိုးဆိပ်အလယ်ကျောင်းဆရာတော် ဘဒ္ဒန္တကေလာသမှ ရွတ်ဖတ်ပူဇော် ပေးသည်။ ထို့နောက် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းမှ လက်ဆောင်ယူကျောင်းဆရာတော် သက်တော်ရှည် ဘဒ္ဒန္တကေသဝထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပင့်လျှောက်၍ ကြွရောက် တော်မူလာကြသည့် ပဋ္ဌာနနာယက၊ ပဋ္ဌာနဘာဏကအပေါင်းတို့မှ မဟာပဌာန်းကို အလှည့်ကြ ရွတ်ဖတ်ပူဇော်ကြသည်။
တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ၌ နှစ်စဉ်ကျင်းပသည့် နေ့/ညအသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို တပို့တွဲလဆန်းနှစ်ရက်နေ့မှစတင်ပြီး ငါးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)