ပြင်ဦးလွင် ဇန်နဝါရီ ၁၉
လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းက ဒိုးကွင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် ရှေးဦးစွာ ဒိုးကွင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးကဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဗမာစာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းက “ငယ်စဥ်အခါမှာပညာရှာ”ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ဟောပြောဆွေးနွေးချက်များကို ကျောင်းသား၊ ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်ပြီး မေးမြန်းချက်များပြန်လည်ဖြေကြားပေးခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှလက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်၊ စာစောင်များခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)