ကျောက်ဆည်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မုန့်ပေါင်းကျေးရွာ “အလင်းသစ်” စာကြည့်တိုက်၌ အသိပညာပေး ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အားလပ်သည့်အချိန်များ၌ စာပေများဖတ်ရှုစေလိုကြောင်း၊ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုသည့်အတိုင်း စာပေမှရသည့် အသိပညာများသည် အမှားအမှန်ကို ကောင်းစွာ ခွဲခြားနိုင်သည့်အတွက် တန်ဖိုးဖြတ်၍မရကြောင်း၊ စာပေ၏အကျိုးကျေးဇူးသည် မိမိတို့၏ဘဝတက်လမ်းများတွင် များစွာအထောက်အကူရသည့် အတွက် စာအုပ်စာပေများကို ရှာဖွေဖတ်ရှုကြစေ လိုကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပုံပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲများ ပြုလုပ်ခဲ့ရာ မုံပေါင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိမှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)