ပျော်ဘွယ် ဇန်ဝါရီ ၂၀
ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိဓမ္မာနုဂ္ဂဟအသင်းမှဦးဆောင်ကျင်းပသည့် (၁၁)ကြမ်မြောက် ပရိယတ္တိဓမ္မာနုဂ္ဂဟ စာမေးပွဲကျင်းပလျက်ရှိရာ နောက်ဆုံးနေ့ဘာသာရပ်ဖြေဆိုခြင်းကို ဇန်နဝါရီလ ၂၀ ရက် မွန်းတည့် ၁၂ နာရီက မြို့နယ်ရာပြည့်သာသနာ့ဗိမာန်တွင် ဖြေဆိုကျင်းပသည်။
မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဂုဏာစာရနှင့် အဖွဲ့ဝင်ဆရာတော်များကြီးကြပ်မှုဖြင့် ပရိယတ္တိဓမ္မာနုဂ္ဂဟစာမေးပွဲတွင် သတ်မှတ်နေ့ရက်အလိုက် ရှင်ကျင့်ဝတ်၊ ဝိနည်းကျင့်ဝတ်၊ ဘိက္ခုပါတိမောက်၊ ဒွေမာတိကာ၊ ကစ္စည်းသဒ္ဒါကြီး၊ အဘိဓမ္မတ္ထသင်္ဂဟဘာသာ ရပ်များကို သက်ဆိုင်ရာအတန်းအလိုက် ဖြေဆိုခဲ့ကြပြီး နောက်ဆုံးနေ့ ဖြေဆိုသည့် အဘိဓမ္မတ္ထသင်္ဂဟဘာသာရပ်၌ ပထမကြီးတန်းတွင် သုံးပါး၊ ပထမလတ်တန်းတွင် ၁၃ ပါး၊ ပထမငယ်တန်းတွင် ၁၆ ပါး၊ အခြေပြုမူလတန်းတွင် ၅၇ ပါး၊ စုစုပေါင်း ၈၉ ပါး ဝင်ရောက်ဖြေဆိုကြသည်။
ပရိယတ္တိဓမ္မာနုဂ္ဂဟစာမေးပွဲကို သုံးရက်တာကျင်းပခဲ့ခြင်းဖြစ်ပြီး စာအောင်သံဃာများအား စာအောင် ဆုဆက်ကပ်ခြင်း အခမ်းအနားကို တပို့တွဲလဆန်း ၁၀ ရက်နေ့ မြို့နယ်ရာပြည်သာသနာ့ဗိမာန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)