ရမည်းသင်း ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကန်ဘဲ့ကျေးရွာအုပ်စု နွားကူးကျေးရွာရှိ တောင်သူဦးတိုးတိုးလွင်၏ ဆင်းရွှေကြာ-၂နေကြာမျိုး ရွေးချယ်အဆင့်မြှင့်တင်ထားသော မျိုးစေ့ထုတ်စိုက်ခင်း တောင်သူပညာ ပေးကွင်းပြပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
တောင်သူပညာပေးကွင်းပြပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရမည်းသင်းခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်များရှိ မြိုနယ်များမှ တောင်သူလယ်သမားများ၊ တပ်ကုန်းမြို့နယ်မှ တောင်သူလယ်သမားများ တက်ရောက်ကြည့်ရှု လေ့လာသည်။
တောင်သူပညာပေးကွင်းပြပွဲတွင် တောင်သူဦးတိုးတိုးလွင်က နေကြာမျိုးစေ့ထုတ် စိုက်ခင်းဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက မျိုးရွေးချယ်မြှင့်တင်ရေးနည်းလမ်းဖြင့် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးခြင်းအား တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုယ့်မျိုးကိုယ်ထား မျိုးသန့်ပွားများဆောင်ရွက်နိုင်ကြောင်း၊ ပိုလျှံမျိုးစေ့များကို တောင်သူအချင်းချင်း မျိုးသန့်ဖလှယ်ပေးနိုင်ကြောင်း၊ တောင်သူမျိုးစေ့ထုတ်အစုအဖွဲ့များဖြင့် မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် မိုးစပါးအပြီး သီးထပ်အဖြစ် ပဲတစ်မျိုးမျိုး၊ နေကြာ၊ ပဲချဉ်ပေါင်များ စိုက်ပျိုးကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် တောင်သူပူးပေါင်းပါဝင်သော ဆင်းရွှေကြာ-၂နေကြာရုပ်သွင်ပြင်ကိုကြည့်၍ မျိုးရွေးချယ်စိုက်ပျိုးထားသော တောင်သူဦးတိုးတိုးလွင်၏ မျိုးစေ့ထုတ်စိုက်ခင်းအား ကွင်းဆင်းကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်