ကျောက်ဆည် ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက သင်တောင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် သင်တောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဦးဒေါ်ခင်မာဌေးက အသိပညာပေးဟောပြောပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့ပြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကျောင်းနေအရွယ်၌ ကျောင်းမှန်မှန်တက်ပြီး ကျောင်းစာများကို သေချာစွာ ကျက်မှတ်လေ့လာခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အားလပ်သည့်အချိန်များ၌ ကျန်းမာရေးအတွက် ဆော့ကစားခြင်းများအပြင် ဘဝတက်လမ်းတွင် အောင်မြင်စေရေး ဗဟုသတရရှိစေမည့် ကျောင်းပြင်ပ စာပေများကိုလည်း ရှာဖွေဖတ်ရှု လေ့လာရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသ ထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ အရွယ်မရောက်သေးသူကလေးငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ စသည့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါ ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)