စဉ့်ကိုင် ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့မဈေးအတွင်း၌ မီးဘေးလုံခြုံရေး စနစ်တကျရှိစေရေးနှင့် မီးလောင်မှုဖြစ်ပွားမှု လျော့နည်းစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဇန်နဝါရီ ၂၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်လက်တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်ဇော်ထိုက်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ စနစ်တကျ ကြိုတင်ဆောင်ရွက်ထားရန်နှင့် ဈေးများမီးလောင်မှု ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရာများကို အသိ ပညာပေး ဟောပြောခဲ့ပြီး မီးသတ်ဆေးဘူး အသုံးပြုပြီး မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ဈေးသူဈေးသားများနှင့် အတူ လက်တွေ့ပူးပေါင်း သရုပ်ပြလေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
၎င်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်ဇော်ထိုက်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ဈေးအတွင်းဈေးဆိုင်ခန်းများတွင် မီးဘေးလုံခြုံရေး မီးသတ်ဆေးဘူးများ ရှိ/မရှိ၊ လျှပ်စစ်မီး စနစ်တကျသုံးစွဲမှု ရှိ/မရှိနှင့် မီးဖိုများ အသုံးပြုရာတွင် မီးကြွင်း/မီးကျန်များ မရှိစေရေး စနစ်တကျ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)