တံတားဦး ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သင်ပန်းကျေးရွာ၏ ကျက်သရေဆောင်ပဉ္စမာလိန္ဒ ရတနာမြစည်းခုံဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဂိုးကျဉ်းဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲကို ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ၃ နာရီက အဆိုပါကျေးရွာ ဘောလုံးပြိုင်ကွင်း၌ ကျင်းပကြောင်း သိရသည်။
ကွင်းဖွင့်ပွဲတွင် ခေါင်းကွဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇင်မောင်ဝင်းက အမှာစကားပြောကြားပြီး ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်ပေါက ပြိုင်ပွဲစည်းကမ်းများကို ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲအားကျင်းပရာ ကွင်းဖွင့်ပွဲအဖြစ် မွန်နိုင်းအသင်းနှင့် ဘောစိအသင်းတို့ယှဉ်ပြိုင်ကြရာ ဘောစိအသင်းမှ မွန်နိုင်းအသင်းအား ငါးဂိုး၊ တစ်ဂိုးဖြင့်အနိုင်ရရှိသည်။ အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် မည့် ပြိုင်ပွဲဝင်အသင်းပေါင်းရှစ်သင်းဖြစ်ပြီး တစ်နေ့လျှင်နှစ်ပွဲဖြင့် အုပ်စုပတ်လည်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဆုပေးပွဲကို တပို့တွဲလဆန်း ၁၅ ရက်နေ့ညနေပိုင်းတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲဖြစ်ရေးကော်မတီတစ်ဦးထံမှ သိရသည်။
ခေါင်းကွဲကျေးရွာအုပ်စု၊ သင်ပန်းကျေးရွာ၏ ကျက်သရေဆောင် ပဉ္စမာလိန္ဒ ရတနာမြစည်းခုံဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၁၅ ရက်နေ့တွင် သံဃာ့ဒါနဆွမ်းလောင်းလှူပွဲနှင့် စာရေးတံမဲလောင်းလှူတို့ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)