ချမ်းအေးသာစံ ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၆) အစည်းအဝေးကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများနှင့် ကုမ္ပဏီများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှုများအား ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်တို့အပေါ် အကျိုးသက်ရောက်မှုကောင်းများ ရှိစေသည့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်ကာ ကာလတို၊ ကာလလတ်အစီအမံများ ချမှတ်၍ ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါကြောင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုမြန်ဆန်အောင်ဆောင်ရွက်ပေးနိုင်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေ၊လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်ဆန်သွက်လက်စွာ စိစစ်ခွင့်ပြုချထားပေးလျက်ရှိပြီး တင်ပြလျှောက်ထားလာမှုနှင့် မြေပြင်တွင်အမှန်တကယ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် ကိုက်ညီရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာမင်းဇော်ဦးက တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းတို့နှင့် ပတ်သက်၍ အတည်ပြုမိန့်တင်ပြလာခြင်း၊ ထုတ်ကုန်ပစ္စည်းများ ထပ်မံတိုးမြှင့်ထုတ်လုပ်ခွင့် တင်ပြလာခြင်း လျှောက်ထားလာမှုများနှင့် ရှင်းလင်းတင်ပြပြီးနောက် ကုမ္ပဏီများမှတာဝန်ရှိသူများ ကဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
၎င်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေး ရာတိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)