မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သပိတ်ကျင်းမြို့တွင် ပြန်လည်တာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ  အရာထမ်းအမှုထမ်းများအား ပို့ဆောင်နှုတ်ဆက်

ချမ်းအေးသာစံ ဇန်နဝါရီ  ၂၃

တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter- Terrorism Operation) များကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားခဲ့သည့် မန္တလေး-မတ္တရာ-သပိတ်ကျင်း-မိုးကုတ် လမ်းကြောင်းတစ်လျှောက်နှင့်အနီးပတ်ဝန်းကျင်ရှိ မြို့ရွာများအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် တပ်မတော်က အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မန္တလေး-မတ္တရာ-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူလူထုအားလိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားရန်နှင့် အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်သည့် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် ဌာန ဆိုင်ရာအဖွဲ့အစည်းများသည် ယနေ့နံနက်ပိုင်းက မန္တလေးမြို့မှ သပိတ်ကျင်းမြို့ သို့ထွက်ခွာကြရာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာအဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများအားနွေးထွေးစွာ တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေများ ချီးမြှင့်ခဲ့ပြီး ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားခဲ့သည့် ဆက်သွယ်ရေးလမ်းကြောင်းများကို တပ်မတော်က ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်မည်ဖြစ်ပြီး ဒေသတွင်း ကုန်စည်ကူးသန်းရောင်းဝယ်မှုများ လွယ်ကူလျှင်မြန်ချောမွေ့စွာဖြင့် ပုံမှန်အတိုင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)