မြစ်သားမြို့နယ်၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများအား မဲရုံများသို့ ဖြန့်ဝေပေးခြင်းများဆောင်ရွက်

မြစ်သား ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ဇန်နဝါရီလ ၂၅ ရက်နေ့ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို မဲရုံများသို့ ဖြန့်ဝေပေးခြင်းအား ဇန်နဝါရီ ၂၃ ရက် နံနက် ၈ နာရီအချိန်ကစတင်၍ ရွှေသူဌေးရပ်ကွက်ရှိ အနော်ရထာခန်းမ၌ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းမောတပ်နယ်မှ ဗိုလ်ကြီးဝေယံစိုးဦးစီး၍ တပ်မ တော်သားများ၊ မြစ်သားမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးလင်းလင်းထွန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ ပူးပေါင်းအဖွဲ့များက လုံခြုံ‌ရေးဆောင်ရွက်ပေးပြီး မြစ်သားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ယဉ်မွန်ဖိုးနှင့်ဝန်ထမ်းများက မြစ်သားမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ မဲရုံများ၏ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများ၊ မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများ၊ ဆရာ၊ ဆရာမများထံသို့ မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက်များ၊ အရံစက်များ၊ ဆက်စပ်ပစ္စည်းများနှင့် မဲရုံသုံးပစ္စည်းများကို စနစ်တကျစီစစ်ဖြန့်ဝေ ထုတ်ပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ ရပ်ကွက် ၁၁ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၈၁ အုပ်စုရှိပြီး၊ ရပ်ကွက်၊ ကျေးရွာမဲရုံ ၁၆၉ ရုံနှင့် တပ်မဲရုံ ၆ ရုံ၊ စုစုပေါင်း ၁၇၅ ရုံ စီစဉ်ဆောင်ရွက်ထားရှိပြီး မဲဆန္ဒရှင် ၁၄၁၁၂၇ ဦးရှိကြောင်း  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)