ကျောက်ဆည် ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ လမ်းပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်း၏ (၁၉)ကြိမ်မြောက် နှစ်ပတ် လည်အခမ်းအနားနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁၂ နာရီက မြဘုရင်ပန်းခြံ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လမ်းပြကြယ်ကိုယ်ပိုင်ကျောင်း တည်ထောင်အုပ်ချုပ်သူ ဆရာမကြီးဒေါက်တာသင်္ဂီသန်းဦးက လမ်းပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်းအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပညာတော်ရုံသာမက ဗလငါးတန်ပြည့်စုံရေး၊ ဘက်စုံစွမ်းရည်ပြည့်ဝရေး၊ ယဉ်ကျေး လိမ္မာပြီး စာရိတ္တကောင်းမွန်ကာ နောင်တစ်ခေတ်တွင် နိုင်ငံ့တာဝန်များ ထမ်းဆောင်ရာ၌ ခေါင်းဆောင်နိုင်သည့် အရည်အသွေးများ၊ အရည်အချင်းများရှိသော ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် သင်ကြားပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား မောင်ရဲသန့်လူလူနှင့် ကျောင်းသူမဆုနဒီမောင်တို့က လမ်းပြကြယ်ကျောင်း၏ ၂၀၂၅-၂၀၂၆ ခုပညာသင်နှစ် ကျောင်းနှစ်ပတ်လည် ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ခု ပညာနှစ် ပညာရည်ချွန်ထူးသူများနှင့်၂၀၂၅-၂၀၂၆ ခုနှစ် ဗဟိုအဆင့်၊ တိုင်းအဆင့်၊ မြို့နယ်အဆင့်နှင့် ကျောင်းတွင်းပညာရေးပြိုင်ပွဲများ၌ ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများအား ကျောက်ဆည်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့အေး၊ လမ်းပြကြယ် ကိုယ်ပိုင်ကျောင်း တည်ထောင်အုပ်ချုပ်သူ ဆရာမကြီး ဒေါက်တာသင်္ဂီသန်းဦးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသူများအား ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ရိုးရာဆင်အက၊ “စေတနာစင်ကြယ် လမ်းပြကြယ်”၊ “သွေးချင်းတို့မြေ”၊ “ဖေဖေမေမေလမ်းပြကြယ်” စသည့် သီချင်းများ၊ အကများဖြင့် သီဆိုဖျော်ဖြေခဲ့ ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)