ပျော်ဘွယ်မြို့၊ မြကျိုင်းတောင် မင်းစုမင်းခစေတီတော်ကြီးပြန်လည်ပြုပြင်တည်ထားကိုးကွယ်နိုင်ရန် အလှူငွေများပေးအပ်လှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ ကျင်းပ

ပျော်ဘွယ် ဇန်နဝါရီ ၂၄

ပျော်ဘွယ်မြို့နယ်တွင် မန္တလေးမြေငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော ပြည်သာယာရပ်ကွက်၊ မြကျိုင်းတောင်ဘုရားဝင်းအတွင်းရှိ မင်းစုမင်းခစေတီတော်ကြီး ပြန်လည်ပြုပြင်တည်ထားကိုးကွယ်နိုင်ရန် အလှူငွေများပေးအပ်လှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပသည်။

ရှေးဦးစွာ တက်ရောက်လာသည့်ဧည့်ပရိတ်သတ်များက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဂုဏာစာရထံမှ အနုမောဒနာတရားနာယူကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးက စေတီတော်ကြီးအား အမြန်ဆုံးပြုပြင်နိုင်ရန် ဆောင်ရွက်ခဲ့မှုအခြေအနေများကိုလည်းကောင်း၊  စေတီတော်ပြန်လည်ပြုပြင်တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စေတီတော်ကြီးအားရရှိထားသည့်အလှူငွေများဖြင့် ပြန်လည်ပြုပြင်နေမှုအခြေအနေများ၊ ကုန်ကျမှုအတွက်သုံးစွဲနေသည့်အခြေအနေနှင့် စာရင်းစစ်ဆေးမှုခံယူနိုင်ရေးဆောင်ရွက်ထားမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

မင်းစုမင်းခစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်တည်ထားကိုးကွယ်နိုင်ရန် ဆရာတော်ကြီးများ၏ဩဝါဒကိုခံယူကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှု၊ ဘုရားဂေါပကအဖွဲ့၏ပူးပေါင်းပါဝင်မှုတို့ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အလှူငွေများပါဝင်လှူဒါန်းခဲ့သည့် အလှူရှင်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)