ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးလျက်ရှိ

ချမ်းမြသာစည် ဇန်နဝါရီ ၂၅

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို နိုင်ငံတစ်ဝန်းရှိမြို့နယ်များတွင် ယနေ့နံနက် ၆ နာရီမှ စတင်၍ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မဲရုံအသီးသီးတွင်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မိမိတို့၏ သဘောဆန္ဒအလျောက် နိုင်ငံသားပီသစွာ ဆန္ဒမဲလာရောက်ပေးလျက်ရှိသည်။

မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များက ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်သူများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများနှင့် ပါတီကိုယ်စားလှယ်လောင်းများစသည့် အသိသက်သေများ ရှေ့မှောက်တွင် မြန်မာ့အလက်ထရောနစ် MEVM မဲပေးစက်မဲပုံးများ စစ်ဆေးခြင်း၊ လုံခြုံရေးကြိုးတပ်ဆင်ခြင်းနှင့် ကုတ်နံပါတ်များ စစ်ဆေးဆောင်ရွက်ပြီး နံနက် ၆ နာရီတွင် မဲရုံစတင်ဖွင့်လှစ်ရာ မဲဆန္ဒရှင်ပြည်သူများက မိမိတို့အမည်စာရင်းပါ သက်ဆိုင်ရာမဲရုံများတွင် အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲပေးကြသည်။

ချမ်းမြသာစည်မြိုု့နယ်တွင် မဲရုံစုစုပေါင်း (၈၇) ရုံ ဖွင့်လှစ်ထားရှိပြီး အသက် ၁၈ နှစ်ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူပေါင်း ၁၄၂၄၁၂ ဦးရှိရာ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်မျာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလင်းသစ် (ပြန်/ဆက်)