မြစ်သားမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေး

မြစ်သား ဇန်နဝါရီ ၂၅

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ မြို့နယ်အသီးသီး၌ ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီမှစတင်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ လွတ်လပ်စွာဆန္ဒမဲများပေးလျက်ရှိရာ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်လည်း မဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဲရုံအသီးသီး၌ လွတ်လပ်စွာလာရောက်မဲ ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၉၂ အုပ်စုရှိပြီး မဲရုံပေါင်း ၁၇၅ ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်းဦးရေ တစ်သိန်းလေးသောင်းကျော်ရှိကြောင်းသိရှိရပြီး ပြည်သူများအနေဖြင့် နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးတန်းစီးစောင့်ဆိုင်းပြီး ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် လမ်းခွကျေးရွာအုပ်စုမှ ဆန္ဒမဲပေးသူ အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးမဲ‌ပေးသည့်ပြည်သူတစ်ဦးကလည်း “ယခု ရွေးကောက်ပွဲမှာမဲပေးစက်ဖြင့်ဆန္ဒမဲပေးရတဲ့အတွက် ပိုပြီးအဆင် ပြေပါတယ်။ သမီးကတော့ နိုင်ငံတော်နှင့်ပြည်သူ‌တွေအတွက်‌ ကောင်းအောင်ကြိုးစား‌ဆောင်ရွက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်အသီးသီးအား လွယ်ကူစွာဆန္ဒမဲပေးခွင့်ရှိခဲ့သည့်အတွက် စိတ်ထဲမှာ ကြည်နူးပီတိဖြစ်ရပါကြောင်း ” မဲဆန္ဒရှင်ပြည်သူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)