စဉ့်ကိုင် ဇန်နဝါရီ ၂၈
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အကြို) အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အမက(ကသဲစု)ကျောင်းမှ ဆရာမ ဒေါ်ကြည်ကြည်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသူများ သမိုင်းကြောင်း စသည့်အကြောင်းအရာများကို ကျောင်းသား/ ကျောင်းသူများနှင့် အပြန်အလှန်အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက ခန်းမအတွင်း ပြသထားသော အသိပညာဗဟုသုတ စုံလင်သည့် သုတ/ရသ စာအုပ်စာစောင်များနှင့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ဦးတည်ချက်များ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသူများ အမည်စာရင်းများ၊ ကဗျာ၊ ဆောင်ပုဒ်များနှင့် ကလေးအလုပ် သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)