မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာ၌ မြေအောက်ရေဖြင့်စိုက်ပျိုးသည့် ခရမ်းသီးစိုက်ခင်းများအထွက်နှုန်းကောင်း

မိတ္ထီလာ ဇန်နဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီ၊ မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာ၌ မြေအောက်ရေဖြင့် ခရမ်းစိုက်ပျိုးသည့်တောင်သူများ ခရမ်းသီးအထွက်နှုန်းကောင်း၍ အဆင်ပြေကြောင်း ခရမ်းစိုက်တောင်သူ ဦးခင်မောင်ရှိန်ထံမှ သိရသည်။

မိတ္ထီလာမြို့နယ် ဆည်ကုန်းကျေးရွာရှိ ဒေသခံတောင်သူများက မြေအောက်ရေဖြင့် ခရမ်း၊ မုန်လာဥ၊ ကြက်သွန်၊ ငရုတ်၊ ကြက်ဟင်းခါးပင်များကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ  ဒေသခံတောင်သူများက ခရမ်းပင်ကို အဓိကစိုက်ပျိုးကြကြောင်း၊ ခရမ်းသီးကို ၅ ရက်လျှင် တစ်ကြိမ် အသီးခူးဆွတ်ရပြီး အပင် ၁၀၀၀ လျှင် ခရမ်းသီး  ပိဿာ ၃၀၀၀ ထွက်ရှိကြောင်း၊ ခရမ်းသီး တစ်ပိဿာလျှင် ငွေကျပ် ၈၀၀ ဖြင့် စိုက်ခင်းအထိအရောက်ဝယ်ယူလျက်ရှိပါကြောင်း၊ ခရမ်းသီးအထွက်နှုန်းကောင်း၍ ခရမ်းပင်စိုက်ပျိုးရာတွင်ကုန်ကျသည့် ဒီဇယ်ဆီ၊ မြေသြဇာ၊ ပိုးသတ်ဆေးနှင့် အသီးခူးဆွတ်ခများအပြင် မိသားစုစားဝတ်နေရေးအတွက်လည်း အဆင်ပြေလျက်ရှိကြောင်း တောင်သူဦးခင်မောင်ရှိန်က ပြောကြားသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)