ဝမ်းတွင်းမြို့၌ (၆၅) ကြိမ်မြောက် သမိုင်းဝင်မြတ်ညီနောင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဝမ်းတွင်း ဇန်နဝါရီ ၂၉

ပုဂံခေတ် ပေါက်ကန်ရာဇာအနော်ရထာမင်းလက်ထက် ကျန်စစ်သားမင်းနှင့် မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ (၆၅)  ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရှိ သမိုင်းဝင်မြတ်ညီနောင် စေတီတော် ၂ ဆူသည်  အနော်ရထားမင်းကြီး၏သားတော် ကျန်စစ်သားမင်းနှင့် မိဖုရား ခင်တန်တို့  တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီးဖြစ်ပြီး သမိုင်းဝင် အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် ပွဲတော်များကို ယနေ့တိုင် ကျင်းပခဲ့ရာ (၆၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးတွင် ပျော်ပွဲရွှင်ပွဲများ၊ ခြင်းအလှခတ်ပြိုင်ပွဲများ၊ မြန်မာသံစဉ်အဆိုပြိုင်ပွဲများ၊ နေ့အငြိမ့်၊  မြို့ရွှေမန်းသားဖိုးချစ် ဇာတ်အလှသဘင်၊ မြန်မာ့ရိုးရာ နွားအလှနှင့် လှည်းပြိုင်ပွဲ၊ ဘုရားကုန်းတော်ပေါ်တွင်လည်း ပျော်ရွှင်စရာ ချားရဟတ်နှင့် ပင်လယ်ဓားပြ၊ အိုးပုတ်ချိုးရုပ်သည်များ၊ ဈေးဆိုင်တန်းများနှင့် အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူများ၊  ပွဲ‌ဈေးတန်းလျှောက်ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

အဆိုပါ ဝမ်းတွင်းမြို့ရှိ သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ (၆၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေလွန်းပျံ