ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း မှော်ဘီမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားသို့ တက်ရောက်အားပေး

ရန်ကုန် ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ကျောင်းသား၊ ကျောင်းသူများက ဘင်ခရာတီးဝိုင်းနှင့် ပန်းပွားအကဖြင့် ဖျော်ဖြေနေမှုအား ကြည့်ရှုအားပေးသည်။

ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ မှော်ဘီခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်၊ မှော်ဘီခရိုင်၊ ရပ်မိ၊ ရပ်ဖ ဦးအေးမင်းမောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က အခမ်းအနားအတွင်း ‌ကျောင်းသား၊ ကျောင်းသူများ၏ စာစီစာကုံး၊ ကျပန်း၊ စာဖတ်စွမ်းရည်၊ စိတ်ကြိုက်ပန်းချီ၊ ဉာဏ်စမ်းပဟေဠိ၊ ကဗျာရွတ်ဆို၊ ပုံပြင်ပြော၊ အင်္ဂလိပ်စာစွမ်းရည်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး စာပေစကားဝိုင်းဆွေးနွေးပွဲကို ကြည့်ရှုအားပေး၍ ဦးဆောင်ဆွေးနွေးသူများနှင့် ပါဝင်ဆွေးနွေးသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က အခမ်းအနားအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲ၊ ပညာ‌ရေးဌာနပြခန်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ‌ပေးပြခန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းပြခန်း၊ မီးသတ်ဦးစီးဌာနပြခန်း၊ ဂိမ်းကစားနည်းပြိုင်ပွဲများ၊ ကျောင်းသူများတီထွင်စမ်းသပ်ထားသည့် ပြခန်းနှင့် စာအုပ်အရောင်းဆိုင်များကို လှည်လည်ကြည့်ရှုအား‌ပေးပြီး ကျောင်းသား၊ ကျောင်းသူများအား သုတ/ ရသစာအုပ်များကို ပေးအပ်သည်။

ထို့နောက် အခမ်းအနားတွင် မှော်ဘီမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်”သီချင်းဖြင့် လည်းကောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း HOPE မှ ကျောင်းသား၊ ကျောင်းသူများက “ရှမ်းရိုးရာ” အကဖြင့်လည်းကောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း BEC မှ ကျောင်းသား၊ ကျောင်းသူများက “တို့ကျောင်းတော်” သီချင်းဖြင့်လည်းကောင်း စသည့်တေးသီချင်းအကတို့ဖြင့် အသီးသီးဖျော်ဖြေတက်ဆက်ခဲ့ကြသည်။

ယင်းနောက် စာရေးဆရာ မောင်ချိုဝေက စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောပြီး ဉာဏပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည့် စာရေးဆရာ မောင်ချိုဝေကို ဂုဏ်ပြုလက်ဆောင်အားလည်းကောင်း၊ ဖျော်ဖြေ‌ရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းအား ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)