ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပေးနှိုးဆော်ခြင်းကို ဇန်နဝါရီ ၂၆ ရက်နေ့ ညပိုင်းမှစ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် မြို့နယ်နေပြည်သူများအနေဖြင့် လျှပ်စစ်မီး၊မီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေများအား ညအိပ်ချိန်တွင် သတိထား၍ စနစ်တကျငြိမ်းသတ်ရန်၊ လျှပ်စစ်မီးပြတ်တောက်နေသည့် အချိန်တွင် မီးခလုတ်များအား သေချာစွာပိတ်ထားရန်၊ နေအိမ်များအလိုက် မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိဆောင်ရွက်ထားရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များ အားစနစ်တကျရှင်းလင်းထားရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အမြန်ဆက်သွယ်အကြောင်းကြားရမည့် သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန ဖုန်းနံပါတ်များအား လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည့်အပြင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဈေးဆိုင်များ၊ စက်မှုလက်မှုလုပ်ကိုင်သူများ၊ သင်္ဘောကျင်း (လွန်းလုပ်ငန်းများတွင်လည်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးဟောပြောခြင်း၊ စစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်ခြင်းများကိုလည်း လက်တွေ့သရုပ်ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)