ဒလမြို့နယ် ချယ်ရီသင်္ဘောဆိပ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

ဒလ ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ ချယ်ရီသင်္ဘောဆိပ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် မီးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲနှင့် ကုန်ပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူများက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်သူက မီးလောင်ကျွမ်းရခြင်း၏ သဘောတရားများ၊ မီးသတ်ဆေးဗူးအသုံးပြုပုံများ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာ ပါကအမြန်ဆုံးမီးငြိမ်းသတ်နည်းများနှင့် ရေယာဉ်၊ တွဲယာဉ်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရေယာဉ်မှူးများ၊ ဝန်ထမ်းများနှင့်အတူ လက်တွေ့မီးငြိမ်းသတ်ခြင်းများကို သရုပ်ပြဇာတ်တိုက်လေ့ကျင့် ခဲ့ကြသည်။

အဆိုပါဟောပြောပွဲနှင့် မီးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမြစ်ဝကျွန်းပေါ် ဌာနခွဲနှင့် ကုန်ပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်စန္ဒာမြင့် (ပြန်/ဆက်)