ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူများအား မိဘရပ်ထံအပ်နှံ၊ နေရပ်သို့ ပို့ဆောင်ပေး

မန္တလေး ဇန်နဝါရီ ၂၉

ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံရုံးသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၃၆ ဦးကို မြန်မာ့လေကြောင်းလိုင်း(MAI) ဖြင့် ဇန်နဝါရီ ၂၃ ရက်နေ့၊ နံနက်အစောပိုင်းတွင် မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး အဆိုပါ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာအားကစားကွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြန်မာနိုင်ငံသား ၁၃၆ ဦးကို  မိဘ၊ အုပ်ထိန်းသူများထံအပ်နှံ၍ နေရပ်ပြန်လည်ပို့ဆောင်ခြင်းကို ဇန်နဝါရီလ ၂၈ ရက်နေ့၊ နံနက်ပိုင်းက အောင်မြေမန္တလာကွင်း၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်စိုးဝင်း၊ သတင်းရဲတပ်ဖွဲ အမှတ် (၁၀) တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးစောအဲခဲလယ်၊ တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇာနည်မောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဦးစီးမှူး ဦးစိုးလွင်၊ အောင်မြေသာစံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိန်ယု၊ ခရိုင်ဥပဒေအရာရှိ ဦးအောင်ကျော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမိုးနှင့်တာဝန်ရှိသူများနှင့်နေရပ်ပြန်မည့် မြန်မာနိုင်ငံသား အမျိုးသား ၉၆ဦး၊ အမျိုးသမီး ၄၀ ဦး၊ စုစုပေါင်း ၁၃၆ ဦးတက်ရောက်ကြသည်။

ရှေးဦးစွာ တာဝန်ရှိသူများက ဆုံးမဩဝါဒစကားပြောကြားကြပြီး ပြည်ပနိုင်ငံများသို့ တရားဝင်ခွင့်ပြုချက်မရပဲ သွားရောက်အလုပ်လုပ်ကိုင်ခြင်းမပြုကြရန်၊ Online Scan လုပ်ငန်းများနှင့် ပတ်သက်မှု မပြုလုပ်ကြရန်၊ ပတ်သက်ခဲ့ပါကတည်ဆဲဥပဒေများနှင့်အညီအရေးယူခံရနိုင်ကြောင်းတို့ကို ပညာပေးပြောကြသည်။ထို့‌နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်ကြသူ အမျိုးသား ၄၁ဦး၊ အမျိုးသမီး ၁၇ဦး စုစုပေါင်း ၅၈ဦး၊ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းနေထိုင်သူ ၁ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်းနေထိုင်သူ  အမျိုးသား ၉ဦး၊ အမျိုးသမီး ၁ဦး စုစုပေါင်း ၁၀ဦး၊ မွန်ပြည်နယ်အတွင်းနေထိုင်သူ အမျိုးသား ၃၊ မကွေးတိုင်းဒေသကြီးအတွင်းနေထိုင်သူ အမျိုးသား ၂ဦး၊ အမျိုးသမီး ၂ဦး စုစုပေါင်း ၄ဦး၊ ရှမ်းပြည်နယ်တွင်နေထိုင်သူ အမျိုးသား ၁၂ဦး၊ အမျိုးသမီး ၂ဦး စုစုပေါင်း ၁၄ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်း နေထိုင်သူ ၆ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းနေထိုင်သူ အမျိုးသား ၁၂ဦး၊ အမျိုးသမီး ၈ဦး၊ စုစုပေါင်း၂၀ဦး၊ မန္တလေးမြို့ပေါ်တွင်နေထိုင်သူ အမျိုးသား ၁၄ဦး၊ အမျိုးသမီး ၆ဦး၊ စုစုပေါင်း ၂၀ဦး၊ အားလုံးစုစု‌ပေါင်း ၁၃၆ဦးတို့အား မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ တဆင့် မိဘအုပ်ထိန်းသူများထံ အသီးသီးအပ်နှံခဲ့‌ကြကြောင်း သတင်းရသည်။

မြင့်မော်ထွန်း (ပြန်/ဆက်)