အခြေခံပညာကျောင်းသား၊ကျောင်းသူများအား ဆဋ္ဌမအကြိမ်မြောက် နေ့လယ်စာ အာဟာရကျွေးမွေး

မန္တလေး ဇန်နဝါရီ ၂၉

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ "အနာဂတ်ကြယ်ပွင့်ကလးများ၊ ကျန်းမာဖွံ့ဖြိုးဖို့ ကျောင်းတွင်းအာဟာရမြှင့်တင်စို့"အစီအစဉ်အဖြစ် ဆဋ္ဌမအကြိမ်မြောက် အခြေခံပညာ ကျောင်းသား၊ကျောင်းသူများအား နေ့လယ်စာအာဟာရကျွေးမွေးခြင်းကို ဇန်နဝါရီ ၂၉ ရက်နေ့၊ နံနက် ၁၁ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ပြုလုပ်ကြသည်။

အဆိုပါ အာဟာရကျွေးခြင်းအစီအစဉ်ကို အောင်မြေသာစံမြို့နယ်အတွင်း KG တန်းကျာင်းသား၊ကျောင်းသူရှိသော အခြေခံပညာကျောင်း ၅၅ ကျောင်းမှ KG ကျောင်းသား၊ကျောင်းသူ ၂၀၈၀ ဦးတို့အား ဆဋ္ဌမအကြိမ် အာဟာရ နေ့လယ်စာ ကျွေးမွေးရာ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ဆွေသင်းနိုင် (စီမံ)နှင့် ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးနှင့် ကျန်းမာရေးဝန်ထမ်းများက လိုက်လံကြည့်ရှုအားပေးကြသည်။

ထို့အပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ဆရာမများ၊ သူနာပြုများက ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျ လက်ဆေးနည်းနှင့် စနစ်မှန်သွားတိုက်နည်းများကိုလည်း သင်ကြားသရုပ်ပြပေးကြကြောင်း သတင်းရသည်။

မြင့်မော်ထွန်း (ပြန်/ဆက်)