မရမ်းကုန်း ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ကာယ၊ဉာဏစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့ နံနက် ၁၀ နာရီတွင် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.လ.က (၄) ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြတ်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မော်က ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြောင်း ၊ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီး (၂၃) ဦးတို့က ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံမြို့၌ သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့သည့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ပုံတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ဉာဏပြိုင်ပွဲများအဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများနှင့် ကာယစွမ်းရည်ပြိုင်ပွဲများအနေဖြင့် ခါးလှည့်ကွင်းပြိုင်ပွဲ၊ ဘောလုံးပစ်ဂိမ်းကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား ကျောင်းသူများက ပျော်ရွှင်စွာပါဝင်ဆော့ကစားခဲ့ကြရာ ဆုရရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်အသိပညာပေးနံရံကပ်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့သည်။
ရဲထွန်း (ပြန်/ဆက်)