ကြည့်မြင်တိုင် ဇန်နဝါရီ ၃၀
ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေး၊ ကျောင်းစာအပြင် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့ နံနက် ၁၀ နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ် အမှတ် (၉) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ အသိပညာပေးဟောပြောဆောင်ရွက်ခြင်းနှင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်း စသည့်နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားလာစေရန် ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)