ရန်ကုန် ဇန်နဝါရီ ၃၀
သန်လျင်ခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ယနေ့နံနက် (၇) နာရီခွဲတွင် စေတီတော်ရင်ပြင် ရှုခင်းသာတန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားအား ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး စေတီတော်ဩဝါဒါစရိယနိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်ကြီးများအား သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ကော်မတီဝင်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးကြည်နှင့် အဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်များက ဘုရားပင့်ခြင်း၊ နတ်ဗြဟ္မာများပင့်ဆောင်ခြင်း၊ ပဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ရန် ပဌာန်းအမွှန်းဂါထာတော်ရွတ်ဖတ်ပြီး ကြွရောက်လာကြသော ဆရာတော်ကြီးများက ပဌာန်းရွတ်ဖတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ