မိတ္ထီလာ ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ကျောင်းသားလူငယ်များ မိမိဝါသနာပါသော အားကစားနည်းများကို စနစ်တကျလေ့ကျင့်လိုက်စားနိုင်ရန် နွေရာသီအခြေခံအားကစားနည်း ၉ မျိုး ဖွင့်လှစ်သင်ကြားသွားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နွေရာသီအားကစားသင်တန်းတက်ရောက်ခြင်းဖြင့် လူငယ်မောင်မယ်များ မိမိဝါသနာပါသော အားကစားနည်းများကို သင်ယူလေ့လာခြင်းမှ အားကစားကိုအခြေခံမှ နားလည်တတ်ကျွမ်းလေ့ကျင့်လိုက်စား၍ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ကျောင်းသား လူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိအသုံးချ၍ ကျန်းမာကြံ့ခိုင်သော လူငယ်မောင်မယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ခရိုင်အားကစားနှင့်ကာယပညာကော်မတီ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့နှင့်ပူးပေါင်းလျက် နွေရာသီအားကစားသင်တန်း ၉ မျိုးကို အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မတ်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ ကြက်တောင်၊ ကရာတေးဒို၊ ပြေးခုန်ပစ်၊ အေရိုးဗစ်၊ ဘက်စကတ်ဘော သင်တန်းများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးကောလိပ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ခရိုင်အားကစားကွင်းများတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)