တောင်ကြီး ဇန်နဝါရီ ၃၀
(၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့နှင့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ကျောက်တစ်လုံးကြီးမြို့၊ ကက္ကူကျေးရွာအုပ်စု၊ ကက္ကူကျေးရွာ၊ လှိုင်ကွန်းဟိုတယ်အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းသည် လူငယ်လူရွယ်များ အခြေခံလျှပ်စစ်သံဂဟေဆက်ပညာတတ်မြောက်ပြီး ဝင်ငွေရရှိသောလုပ်ငန်း ထူထောင်လာနိုင်စေရန်၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် ကျွမ်းကျင်လုပ်သားများ ပေါ်ထွန်းလာစေရန်၊ လူစွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရန်နှင့် အသေးစားစက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်ကြားပေးမဲ့ဘာသာရပ်တွေကတော့ ဂဟေဆက်ခြင်းဆိုင်ရာအခြေခံများ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ဂဟေဆက်နည်း၊ ဂဟေဆက်အမျိုးမျိုးဖြစ်သည့် (တေ့ဆက်၊ တီပုံဆက်၊ ထပ်ဆက်၊ ထောင့်ဆက်၊ အနားစောင်းဆက်) များအကြောင်း၊ ဂဟေဆက်(MIG)စက်အကြောင်းတို့ကိုလည်း သင်ကြားပေးသွားမှာဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် ရုံးသုံး၊ အိမ်သုံး၊ လုပ်ငန်းသုံးသံထည်ပစ္စည်းများဖြစ်သည့် ကုတင်၊ ဖိုင်တင်စင်၊ ရေအိုးစဉ်၊စားပွဲ၊ ထိုင်ခုံ၊ ဘီဒို၊ သံပန်းသံတံခါး၊ ဘုရားစင်အစရှိသည်တို့ ပြုလုပ်တည်ဆောက်နည်းကို သင်ယူနိုင်မှာဖြစ်ကြောင်း၊ သင်တန်းဆင်းပြီးသည်နှင့် လုပ်ငန်းခွင်ဝင်နိုင်သည်အထိ သင်ကြားပေးသွားမှာဖြစ်ပါကြောင်း၊ သင်တန်းသားတစ်ဦးချင်းစီကိုလည်း ကျွမ်းကျင်သည်အထိ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းသားအရည်အချင်းဆန်းစစ်ခြင်းကို စာတွေ့၊ လက်တွေ့ဆန်းစစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်လုပ်ကိုင်သွားမည့် သင်တန်းသား (၃) ဦးကို ရွေးချယ်၍ လက်သုံးကိရိယာ (၃) စုံဖြစ်သည့် ဝရိန်ပုံး၊ ၄ လက်မ ကျောက်စက်၊ ၁၂ လက်မကျင်တွယ်၊ ၂ပေါင်တူ၊ ၅မီတာပေဘူးနှင့် ဝရိန်ကာဗာတို့ကို ပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်းသားတစ်ဦးထံ ပေးအပ်ခဲ့သည်။ ထို့နောက်သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ သင်တန်းသား ၂၀ ဦးတက်ရောက်ပြီး သင်တန်းတွင် ကုတင်၊ ဖိုင်တင်စင်၊ ရေအိုးစဉ်၊ စားပွဲ၊ ထိုင်ခုံ၊ ဘီဒို၊ သံပန်းသံတံခါး၊ ဘုရားစင် အစရှိသည်တို့ ပြုလုပ်တည်ဆောက်နည်းများအကြောင်းတို့ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ (တစ်လ) ကြာစာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)