ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင် ပြည်နယ်အဆင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းအခမ်းအနားတက်ရောက်

တောင်ကြီး ဇန်နဝါရီ ၃၁

ပြည်နယ်အဆင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းအခမ်းအနားကို ဇန်နဝါရီ (၃၀) ရက် မွန်းလွဲ (၂) နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်း အနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်ပြည်သူ့ကျန်း မာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများ၊ ဖိတ်ကြား ထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 ရှေးဦးစွာ ပြည်နယ်လူမှုရေးဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၊ လူမျိုး တစ်မျိုး ဖွံ့ဖြိုးတိုးတက်စေရန် ထိုနိုင်ငံတွင်ရှိသည့် ပြည်သူလူထု၏ ကျန်းမာရေးသည် အဓိကကျပါကြောင်း၊ ရှမ်းပြည်နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အတွက် သွားလာရေးခက်ခဲသည့် နေရာဒေသ များစွာရှိပါကြောင်း၊ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးလက်ဒေသ၊ တောင်ပေါ် ဒေသနှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ကလေးငယ်များ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိခြင်းများရှိနိုင်ပါ ကြောင်း၊ ကာကွယ်ဆေးသွားရောက်ထိုးနှံရန် ခက်ခဲ့သည့်ဝေးလံခေါင်ဖျားဒေသများသို့ ကျန်းမာရေးဝန်ထမ်းများ ရောက်ရှိနိုင်ရန်အတွက် လိုအပ်သည့်လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေးကိစ္စရပ်များကို သက်ဆိုင်ရာဌာနများက ကူညီဆောင်ရွက်ဖို့မှာကြားလိုကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် သက်ဆိုင်ရာဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် မိဘပြည်သူများကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာ‌ရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းစဉ်မှတ်တမ်းဗီဒီယိုပြသခဲ့သည်။

အခမ်းအနားအပြီးတွင် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ဧည့်သည်တော်များသည် ခန်းမအတွင်း၌ ကလေးငယ်များအား ကာကွယ်ဆေးတိုက်ကျွေးနေမှုကို ကြည့်ရှုအားပေးပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ