လားရှိုးမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးဆွေးနွေးပို့ချခြင်း အခမ်းအနားကျင်းပ

လားရှိုး ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနဖြင့် ပူးပေါင်း၍ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုများရရှိစေရန်၊ ဆရာ၊ ဆရာမများ၏ သင်ကြားရေးအတွေ့အကြုံ ဘာသာရပ်ကျွမ်းကျင်မှုများမှတဆင့် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ပြီး တက္ကသိုလ်ဝင် စာ‌မေးပွဲဆိုင်ရာ အတွေ့အကြုံများ အားကောင်းလာစေရန်၊ ကျောင်းသားကျောင်းသူများ၏စာမေးပွဲဆိုင်ရာယုံကြည်မှု ပိုမိုတိုးတက်အားကောင်းလာစေရန်နှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဆွေးနွေးပို့ချခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လားရှိုးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ဆရာကြီး ဒေါက်တာဌေးလွင်မှ အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဆရာကြီး ဦးတင့်ဆွေက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဆွေးနွေး ပို့ချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါတက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဆွေးနွေးပို့ချခြင်းအား ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး  အ.ထ.က (၆) ကျောင်းတွင်  လားရှိုးတက္ကသိုလ်မှ သင်တန်းနည်းပြ ပါမောက္ခ၊ ဌာနမှူးများ၊ သင်တန်း ကြီးကြပ်ဆရာဆရာမများ စုစုပေါင်း ၃၀ ဦးဖြင့် ပို့ချလျက်ရှိရာ ကျောင်းသားကျောင်းသူ ၃၀၃ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း၊ အ.ထ.က (၂) ကျောင်းတွင် လားရှိုးတက္ကသိုလ်မှ သင်တန်းနည်းပြ ပါမောက္ခ၊ ဌာနမှူးများ၊ သင်တန်းကြီးကြပ်ဆရာ၊ ဆရာမများ စုစုပေါင်း ၂၀ ဦးဖြင့် ပို့ချလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ ၁၁၅ ဦး တက်ရောက် သင်ကြားလျက်ရှိသည်။

ထိုသို့တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဆွေးနွေးပို့‌ချမှု အခြေအနေများများအား တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လူမော်(ပြန်/ဆက်)