နမ့်စန်(တ) ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့နှင့် နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံ၊ မြို့မိမြို့ဖများစုပေါင်း၍ မျက်စိဝေဒနာရှင် ပြည်သူများကို ဖေဖော်ဝါရီလအတွင်း အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးမည်ဖြစ်ရာ အဆိုပါလုပ်ငန်းများဆောင်ရွက်မည့် မြို့နယ်ပြည်သူ့ဆေးရုံနှင့် အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်အားကစားရုံအတွင်း လိုအပ်သည်များနှင့် သန့်ရှင်းသာယာရေး လုပ်ငန်းများကို ယနေ့နံနက် (၇)နာရီက မြို့နယ်မှတာဝန်ရှိသူများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ၊ တပ်မတော်သားများက အဆိုပါနေရာများအတွင်း လျှပ်စစ်မီးသွယ်တန်းခြင်း၊ လိုအပ်သည့် သန့်ရှင်းရေးလုပ်ငန်းများနှင့် သန့်စင်ခန်းများသန့်ရှင်းခြင်း၊ သန့်စင်ခန်းအသစ်များ ဆောက်လုပ်ခြင်းတို့နှင့် အခြားလိုအပ်သည်များကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး စွန့်ပစ်အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးဌာနက အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ပေးခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)