မိုင်းယောင်း ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ပေါ်တော်မူဗုဒ္ဓရုပ်ပွားတော်များ ကိုးကွယ်ရာဖြစ်သော ပုဗ္ဗဝိဇယဆုတောင်းပြည့်စေတီတော်မြတ်ကြီး၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ပဥ္စမအကြိမ်မြောက် ထမနဲထိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထမနဲထိုးပွဲတွင် မိုင်းယောင်းတပ်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ထွေ/အုပ်နှင့် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ စုစုပေါင်း ၁၅ ဖွဲ့က အဖွဲ့လိုက် ထမနဲထိုးကြရာ အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နည်းဗျူဟာမှူး၊ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ မိုင်းယောင်းတပ်နယ် တပ်နယ်မှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ထမနဲစတုဒိသာကို တပို့တွဲလပြည့်နေ့တွင် ဘုရားအမှူးရှိသော ဆရာတော်၊ သံဃာတော်များအား ဆက်ကပ်လှူဒါန်း၍ ဗုဒ္ဓပူဇနိယပွဲတော်လာ ဧည့်ပရိတ်သတ်များကို ထမင်း၊ မုန့်ဟင်းခါးများနှင့်အတူ ကျွေးမွေးဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း