ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၁
ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့ ညစ်ညမ်းမှု ဆက်စပ်ပုံနှင့်လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ လူမှုစီးပွားဘဝများ ထိခိုက်နိုင်မှုများကို သိရှိနာလည်စေရန်ရည်ရွယ်၍ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ် ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ (၃၁) ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ရေကျော်ကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းက သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း သစ်တောများက ပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုး ကျေးဇူးများ၊ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏ အရေးပါမှု၊ အကျိုးကျေးဇူးများနှင့်မီးခိုးမြူငွေ့လျော့ချရေးအတွက် Fire Hotspotsများ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများ မီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆောင်ရွက်နေမှု အခြေအနေများ၊ သစ်တောများထိန်းသိမ်းရေးအကြောင်းနှင့် သစ်တောမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို တက်ရောက် လာကြသည့် ကျေးရွာနေပြည်များကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်ဦးစီးဌာနမှူးက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည် ကျေးရွာနေပြည်သူများကိုလည်း မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)