လမ်းမတော်မြို့နယ် အ.လ.က (၁) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အ.လ.က (၁) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း မြမာလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာခေါင်းစဥ်ဖြင့် ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို ဟောပြောခဲ့သည်။ ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား/သူလေးများက ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူများက ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မမချိုက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ကာယဗလဖွံ့ဖြိုးရေးအတွက် ဂိမ်းပြိုင်ပွဲများဖြစ်သည့် စကားပုံဆက်ပြိုင်ပွဲ၊ ပူးပေါင်းသယ်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲ၊ ခွက်စီပြိုင်ပွဲ၊ ခါးလှည့်ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ပါဝင်ဆော့ကစားခဲ့ကြပြီး ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို "သတင်းစကား" လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပြီး၊ ခန်းမအတွင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)