ရန်ကုန်မြို့အမျိုးသားဇာတ်ရုံ၌ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ရန်ကုန်) အခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ

(၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ရန်ကုန်) အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မွန်စာပေနှင့် ယဥ်ကျေးမှုကော်မတီနာယက၊ ဂုဏ်ထူးဆောင်နာယက၊ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မွန်တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မွန်စာပေနှင့် ယဥ်ကျေးမှုကော်မတီနာယက နိုင်ဖေတင်၊ ဂုဏ်ထူးဆောင်နာယက နိုင်သောင်းသျှင်၊ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ခင်လတ်၊ ပွဲတော်ကျင်းပရေးဒုတိယဥက္ကဋ္ဌ နိုင်ဟန်စိန်တို့က (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ရန်ကုန်) ပွဲတော်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက (၇၉) နှစ်မြောက် မွန်အမျိုးသားနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မွန်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအစဉ်အလာများ ပိုမိုထွန်းလင်းတောက်ပပါစေ၊ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသည့် ပြည်ထောင်စုစိတ်ဓာတ်နှင့် အတူတကွလက်တွဲဆောင်ရွက်နိုင်ကြပါစေဟု ပြောကြားသည်။

ယင်းနောက် မွန်စာပေနှင့် ယဥ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဒေါက်တာမင်းခင်စိန်က မွန်စာပေနှင့် ယဥ်ကျေးမှုအကြောင်းနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မွန်စာပေနှင့် ယဥ်ကျေးမှုကော်မတီ (ရန်ကုန်) ဒုတိယဥက္ကဋ္ဌ (၂) မိမြအောင်ကမွန်ရိုးရာ အနုသုမအကြောင်းကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ဧည့်သည်တော်များသည် မွန်ရိုးရာယဥ်ကျေးမှုအဖွဲ့က အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည်ရူအားပေးပြီး မွန်စာပေနှင့် ယဥ်ကျေးမှုကော်မတီ (ရန်ကုန်) သို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

​အောင်မြင့် (ပြန်/ဆက်)