လားရှိုး ဖေဖော်ဝါရီ ၄
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်ရုံးနှင့် ပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ စာရေးဆရာမ ခင်နှင်းယု၏ “အောင်မြင်သောနေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေပိုင်းက လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က စာအုပ်တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦး မတူညီတဲ့ အတွေးအမြင်သစ်များ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတများကို တစ်ဦးနှင့် တစ်ဦး မျှဝေနိုင်ရန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိကာ စာအုပ်စာပေကောင်းများ လေ့လာရှာမှီးတတ်စေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရေးရည်ရွယ်၍ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသားကျောင်းသူများဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာမခင်နှင်းယု၏ “အောင်မြင်သောနေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပရာ တက်ရောက်လာသည့် တက္ကသိုလ်အဆင့် ကျောင်းသားကျောင်းသူများက စာအုပ်ပါ အကြောင်းအရာများအား အသီးသီးဖတ်ကြားဆွေးနွေးခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူးက ပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)