မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ခရိုင် / မြို့နယ်ပညာရေးမှူးများ လိုက်ပါပြီး ယမန်နေ့မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင်နှင့် မဟာအောင်မြေခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲ ကျင်းပနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ကြည့်ရှုရာတွင် အောင်မြေသာစံခရိုင် အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၈) အခြေခံပညာအထက် တန်းကျောင်း၊ မဟာအောင်မြေခရိုင် ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းများသို့ ရောက်ရှိပြီး အတန်းအလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုကာ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း  စာမေးပွဲဖြေဆိုမှု ကျောင်းသား၊ ကျောင်းသူဦးရေ၊ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စာမေးပွဲကျင်းပနေမှုတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာဖြင့် စာမေးပွဲပြီးဆုံးသည်အထိ ဖြေဆိုသွားရေး၊ စာမေးပွဲ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များအတိုင်း အလေးထားကာ စနစ်တကျကြပ်မတ်ဆောင်ရွက်သွား ရေးတို့ကိုမှာကြားပြီး  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် လူငယ်များအား အချိန်ကိုအကျိုးရှိစွာ အသုံးချသွားနိုင်ရန်၊ လူငယ်များ၏အနာဂတ်အတွက် အမှန်တကယ်အသုံးဝင်ပြီး ဖန်တီးနိုင်စွမ်း၊ စိတ်ကူးဉာဏ်ဖွံ့ဖြိုးမှု၊ ကာယဉာဏစွမ်းရည်များ ရရှိစေကာ ဘဝအတွက်အထောက်အကူပြုသည့် နွေရာသီရက်တို အခြေခံသင်တန်းများ ဖွင့်လှစ်သွားနိုင်ရန်တို့ကို အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲများကို ဖေဖော်ဝါရီ ၄ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးရှိ အခြေခံ ပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့မှ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၈၇၀,၀၀၀) ဦး ကျော် ရှိကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)