မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီးဖြစ်၍ မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဓာတ်ဆီဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွေးနှင့်တပ်ဖွဲ့ဝင်များ က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံးမှု မရှိစေရေးအတွက် ဓာတ်ဆီဆိုင်များတွင် အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးစနစ်တကျကိုင်တွယ်အသုံးပြုရေး၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့် ရေပုံးများအသင့်ထားရှိရန်၊ မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ်ကြုံတွေ့ရပါက ဆောင်ရန်၊ ရှောင်ရန်များ၊ အထပ်မြင့်တိုက်များ မီးလောင်လျှင် အရေးပေါ်ထွက်ပေါက်၊ အရေးပေါ်လှေကားများမှ ဘေးလွတ်ရာသို့ ထွက်ခွာနိုင်ကြောင်း၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည်အချက်များအား ပြောကြားခဲ့ပြီး တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)