ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့ပေါ် မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ

ပုသိမ် ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ပုသိမ်မြို့၊ ရွှေပုသိမ်ဧည့်ရိပ်သာတွင် မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်မှု၊ သာယာလှပရေးအတွက် ဆောင်ရွက်နေမှု၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးနှင့် ဧရာဝတီပေါ်ဆန်း အရည်အသွေးကောင်းမွန်ရေး၊ ဆီဖူလုံရေး အတွက် ဆီထွက်သီးနှံများအပြင် ပဲပုပ်-ပဲကြီးရောနှောဧက (၁) သိန်းစိုက်ပျိုးမှုများ၊ လျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုများ၊ ရပ်နားထားသည့်စက်ရုံအလုပ်ရုံများ လည်ပတ်နိုင်ရေး၊ ဧရာဝတီပေါ်ဆန်းကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ရပ်တည်နိုင်ရေး၊ တိုင်းဒေသကြီးအတွင်း Export Zone ဧက (၁) သိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊  ပီလောပီနံထုတ်လုပ်မှုတွင် တိုင်ဒေသကြီးသည် ဦးဆောင်တိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းနေမှုများ၊  ရန်ကုန်-ပုသိမ်လမ်းအဆင့်မြှင့်တင်မှုများ၊ အားကစားကဏ္ဍတိုးတက်ရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့မိမြို့ဖများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ပုသိမ်) သင်တန်းသားဆောင် အလျား (၁၃၆) ပေ၊ အနံ (၄၄) ပေရှိ (၁၀) ခန်းတွဲ RC (၃) ထပ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးမှာကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)