ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် နဝရတ်အားကစားခန်းမဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ရန်ကုန် ဖေဖော်ဝါရီ ၅

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ နဝရတ်အားကစားခန်းမဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်နေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် နဝရတ်အားကစားခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ အကြီးအကဲပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး အားကစားဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ဦးစွာ အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မင်္ဂလာဒုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြတ်သူ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းတို့က နဝရတ်အားကစားခန်းမအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ရွှေပြည်သာမြို့နယ် နဝရတ်အားကစားခန်းမဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရေများ ပက်ဖြန်းပေးခဲ့ပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က နဝရတ်အားကစားခန်းမ ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က အသီးသီးလက်ခံရယူခဲ့သည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် နဝရတ်အားကစားခန်းမအား တည်ဆောက်သည့် Sun Ahlin Thit Co,Ltd မှ တာဝန်ရှိသူက စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းမှ လက်ခံရယူခဲ့ပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းတို့က အထက(၂)လှိုင်သာယာမှ ဘင်ခရာနှင့်ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် သရုပ်ပြအားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅ သိန်းတို့အား ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် မြန်မာ့သိုင်း၊ အေရိုးဗစ်နှင့် ဝူရှူးအားကစားအဖွဲ့များက အားကစားနည်းများအလိုက် သရုပ်ပြဖျော်ဖြေခဲ့ကြပြီးနောက် မြန်မာ့သိုင်းသရုပ်ပြအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး မြန်မာ့သိုင်းဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်သီတာခိုင်က ငွေကျပ် ၄ သိန်းအားလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သရုပ်ပြအဖွဲ့များအား တစ်ဖွဲ့လျှင် ငွေကျပ် ၂ သိန်းစီတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြု လုပ်ငန်းကော်မတီ(ပညာရေးကော်မတီ) ဒေါ်ဇင်နီမြင့် U.T.S ကိုယ်ပိုင်အထက်တန်းကျောင်း ရွှေပြည်သာမြို့နယ်တို့က သရုပ်ပြအဖွဲ့များအား တစ်ဖွဲ့လျှင် ငွေကျပ် ၁ သိန်းစီနှင့် စုစုပေါင်းငွေကျပ် ၃ သိန်းစီတို့အား အသီးသီး ထပ်ဆောင်းပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

​အောင်မြင့် (ပြန်/ဆက်)